Monday, October 15, 2007

အိမ်အလွမ်းလိပ်ပြာ

ငါအလုပ်ကပြန်လာတယ်တဲ့။ ငါ Orchard လမ်းပေါ်မှာလမ်းလျှောက်နေတယ်တဲ့။ ငါလေ ငါနေတဲ့ နေရာကို လမ်းလျှောက်ပြန်မလို့ ကြံစည်နေတယ်တဲ့။ အဲဒါ လမ်းက တည့်တည့်လျှောက်ရမလား နောက်ပြန်လျှောက်ရမလား ငါမသဲကွဲဘူးတဲ့။ ငါ့ဖုန်းလေးထဲကနေ လမ်းကိုကြည့်ဖို့သတိရလိုက်ပေမယ့် ငါမကြည့်ဖြစ်ပဲ ငါ ဦးတည့်ရာ တည့်တည့်ကိုပဲ ဆက်လျှောက်လာတယ်တဲ့။ ငါဟာ မှောင်ရီရိုးဖျမှာ အိမ်ပြန်နေတဲ့သူတွေနဲ့ ငါတူတူ တောလမ်းလေးအတိုင်း လမ်းလျှောက်လာနေတယ်။ တစ်လမ်းလုံး လျှပ်စစ်မီးရောင် မရှိလို့ ငါ ရှေ့ကသွားနေသူတွေ၊ နောက်ကလျှောက်လာသူတွေကို ငါတစ်မြို့လုံးမီးပျက်နေပါလား လို့ မေးမလို့ကြံစည်ပေမယ့် စိတ်ထဲကပဲ မေးမိတယ်။ တောင်ဆင်းလမ်းမတ်စောက်စောက် တစ်ခုကို ငါဆင်းတော့မှ ငါလျှောက်လာတဲ့ တောလမ်းလေးဟာ ငါငယ်ငယ်က လျှောက်သွားနေကျ စစ်တပ်ကိုသွားတဲ့ ရွှေမြင်ဝေးကျောင်းလမ်းဖြစ်နေတယ်။ ငါ ငယ်ငယ်ကအတိုင်းပဲ။ အရှေ့တည့်တည့်မှာ ပင့်ကူတောင်ကို မှိုင်းပြပြ မြင်ရတယ်။ လော်စပီကာအကျယ်ကြီးဖွင့်တတ်တဲ့ ပင့်ကူတောင်ဘုရားက မီးလေးပဲလင်းနေတယ်တဲ့။ ငါ အဲဒီ မတ်စောက်စောက် တောင်ဆင်းလမ်းကို ငယ်ငယ်တုန်းကအတိုင်း ပြေးဆင်းသွားတယ်တဲ့။ အောက်ရောက်တော့ အပေါ်ပြန် မော့ကြည့်တော့ ထုံးဖြူဖြူလေးသုတ်ထားတဲ့ ကျောက်စွန်းကို ငါမြင်ရတယ်။ ဘုရားရေ.. အဲဒီမြင်ကွင်းဟာ ငါငယ်ငယ်က အဖေ့သင်္ချိုင်းအုတ်ဂူကိုသွားလည်ပြီး သင်္ချိုင်းကုန်းကနေ တောင်ဆိတ်တွေတက်တဲ့လမ်းအတိုင်း ပင့်ကူတောင်ပေါ်ကိုငါတက်ဖူးတဲ့လမ်းမှာ ပင့်ကူတောင်ဘုရားကို ငါမြင်ရတဲ့မြင်ကွင်းကြီးပဲ။ ငါအရမ်းခြောက်ခြားသွားတယ်။ ငါသေသွားပြီလားလို့ ငါ့ကိုယ်ငါမေးမိတယ်။ ဟုတ်တယ် ငါရောက်နေတဲ့ လမ်းကိုကြည့်လိုက်တော့ ငါအိမ်နားကိုရောက်နေပြီ။ မီးစက်ကုန်းလေးနားမှာ။ ငါအိမ်ကို အတင်းပြေးပြန်သွားတယ်။ ငါ့အိမ်ကို ငါအတင်းပြေးပြန်သွားတယ်။ ငါနေခဲ့တဲ့ ငါ့အခန်းလေးက ဖယောင်းတိုင်မီးလေးလင်းနေတယ်။ အမေ နဲ့ သျှမ်လျှမ်းလေး စကားပြောနေသံကိုကြားတယ်။ ငါ သံတံခါးနှစ်ဘက်ကို လက်နဲ့အတင်းဆုပ်ကိုင်ပြီး "အမေ အမေ" ကျွန်တော်ပြန်လာပြီလို့ အော်ခေါ်နေတယ်။ ငါ ငယ်ငယ်တုန်းက ည ရှစ်နာရီခွဲလို့ တရုတ်စာသင်ကျောင်းက ပြန်လာရင် အမေ့ကို အော်ခေါ်နေကျအတိုင်း အောက်ကအော်နေတယ်။ အမေက ငါ့အသံကြားလို့ အောက်ကို ဆင်းလာတယ်။ လှေကားအပေါ်ကနေ အမေငါ့အသံကြားသလိုလို ခြောက်ခြားနေတဲ့မျက်နှာနဲ့ "မျိုးသော်လား" ဆိုပြီး အမေ့ရဲ့ ယုံရခက်ခက် မျက်နှာကို ဖယောင်းတိုင် မီးအပေါ်ကနေမြင်ရတယ်။ ငါ အမေ အမေ လို အသံကုန်အော်နေတယ်။ ဒါပေမယ့် အသံထွက်မလာဘူး။ ငါဆက်တိုက်အော်တယ်။ အမေ ချက်ခြင်း ဆင်းလာပြီး သံတံခါးသော့ကို ပြေးလာဖွင့်တယ်။ ငါ့ကို အမေ မမြင်ရဘူး။ ငါအမေ့ကို မြင်နေရတယ်။ ဘုရားရေ ငါသေပြီလား။ ငါ အမေ အမေ လို့ ဆက်တိုက်အော်တယ်။ အမေ ငါ့အသံကို ကြားပေမယ့် ငါကိုသူမမြင်ဘူး။ ငါ့အသံကို သူကြားလိုက်လို့ ဇဝေဇ၀ါ နဲ့ ပြေးလာတံခါးဖွင့်တာ။ ငါအမေ့ကို အခါခါ အော်ခေါ်နေတယ်။ အမေ အမေ အမေ နဲ့။ ငါအမေ့ကို ပြေးဖက်လိုက်တယ်။ ငါ့ရင်ထဲမှာ အတင်းပွေ့ဖက်ထားလိုက်တယ်။ ငါ အမေ့ကို စကားတွေ အများကြီးပြောနေတယ်။ အမေ့ပါးလေးကို ငါ့ပါးလေးနဲ့ အပ်ထားတယ်။ ငါအခုမှ သတိရတယ်။ ငါ့ရဲ့ တစ်သက်နဲ့ တစ်ကိုယ်မှာ ငါ အမေ့ကို ဒီလို တစ်ခါမှ မပွေ့ဖက်ခဲ့ဖူးဘူး။ ငါအမေ့ပါးလေးကို ငါ့ပါးလေးနဲ့ ပါးခြင်းမအပ်ခဲ့ဖူးဘူး။ ငါအရမ်းမွန်းကြပ်လာတယ်။ ငါငိုနေတာ။ ငါငိုနေတာ။ ပက်ပက်စက်စက်ငိုနေတာ။

ငါအိပ်မက်ကလန့်နိုးလာတယ်။ ငါမငိုနေဘူး။ ငါ့ရင်ထဲမှာတင်းကြပ်လို့လဲ မနေဘူး။ ငါခုနက မက်လိုက်တဲ့ အိပ်မက်ကို ပြက်ပြက်ထင်ထင်ကြီး မှတ်မိနေတယ်။ ငါအမေ့ကို ဖုန်းမဆက်တာ ကြာပြီပဲ။ ငါလုံးဝ အိပ်ရာကနိုးလာတယ်။ နာရီက မနက် ငါးနာရီ လေးဆယ့်ငါး။ ငါ သုံးနာရီမှ အိပ်ပေမယ့် လုံးဝလန်းဆန်းနေတယ်။ ငါဖုန်းဆက်ချင်တယ်။ အမေ့ဖုန်းလဲ ပိတ်ထားတယ်။ ကိုချွတ်တားဖုန်းရော မမြတ်နွယ်ဖုန်းရော အမေ့နားကို ဒီအချိန်မရောက်နိုင်ဘူး။ ငါအရူးတစ်ယောက်လို အိပ်ရာထဲမှာ ထထိုင်နေတယ်။ ငါ အိမ်ကို ဒီလောက်လွမ်းနေပြီလား။ ငါ ပင့်ကူတောင်ကြီးကို မျက်စိမှာ မြင်နေရတယ်။ ဘုရားတော်ပေါ်တက်လို့ ပြန်ဆင်းရင် ဘယ်တော့မှ စောင်းတန်းလှေကားက မဆင်းပဲ မြို့ကိုအပေါ်စီးက မြင်ရတဲ့ စောင်းတန်းခေါင်မိုးပေါ်တက်ပြီး စောင်းတန်းရှည် ခေါင်မိုးကွန်ကရစ်ပြားတွေ တစ်လျှောက် ပြေးဆင်းတဲ့ငါ။ ပင့်ကူတောင်စွန်းကနေ အဖေ့ကို ငါမြုပ်ထားတဲ့ အုတ်ဂူလေး ကို ထိုင်ငေးရင် ငါသေရင်လဲ အဖေ့နားမှာပဲ သေမယ်လို့ စိတ်ကူးခဲ့တဲ့ငါ။ ငါ ရူးနေပြီ။ ငါအမေ့ကိုလွမ်းနေတယ်။ အမေကို စိတ်ထဲမှာ စကားတွေ ပြောနေတယ်။ အမေ နေကောင်းရဲ့လား။ အမေ နေမကောင်းဖြစ်နေလို့ငါ ဒီလိုအိပ်မက်တွေ မက်သလား။ ငါ အမေ့ကိုဖုန်းဆက်လိုက်ရင် အမေ ဖုန်းထဲကနေငိုဦးမှာလား။ ငါ့စိတ်တွေ တင်းကြပ်နေတယ်။ ငါအခုဒီစာတွေရေးနေတယ်။ ငါမျက်ရည်တွေကျလာခဲ့ပြီ။ ငါ ၁၉၉၇ ဇူလိုင် ၁၂ ရက်နေ့တုန်းကလို မျက်ရည်တွေကျလာပြီ။ ငါရှိုက်ပြီးငိုနေတယ်။ အမေ့ကို စိတ်ဆိုးပြီးအိမ်ကထွက်တဲ့ငါ။ အမေက ငါ့ကိုမတားဘူး။ ကားစီးခါနီး ကားမူးတတ်တဲ့ ငါ့ကို ကားမစီးခင် တစ်ခုခု စားဖို့ မနက်အစောကြီးထပြီး ငါ့အတွက်စားစရာတွေလုပ်နေတယ်။ ငါသူ့ကို စကားမပြောပေမယ့် သူငါ့ကို နားလည်ခွင့်လွှတ်နေတယ်။ ငါစိတ်ထဲမှာ အမေ့ကို ခရီးသွားခါနီး အရင်လို ရှိခိုးကန်တော့ ဖို့ ချီတုံချတုံ ဖြစ်နေတယ်။ နောက်ဆုံးငါတွေးမိတယ်။ ငါသာ တစ်ကယ်လို့ ငါရည်ရွယ်တဲ့ ခရီးကို သွားမိရင် နောက်တစ်ခါ အမေ့ကို ကန်တော့ချင်ပါတယ် ဆိုတောင် မကန်တော့ရဘူးလို့ တွေးမိတဲ့အခါ အမေ့ခြေထောက်ပေါ်ကို မျက်နှာချပြီးတော့ "အမေ အမေ ကျွန်တော့်ကို နာကျင်စေတဲ့ စကားတွေ အများကြီးပြောခဲ့တယ်။ ကျွန်တော် အမေ့ကို မကန်တော့ဖို့ကြံစည်ပေမယ့် ကျွန်တော်မနေနိုင်ဘူးအမေ။ အမေ့ကို ကာယကံ၊ ၀စီကံ၊ မနောကံ နဲ့ ပြစ်မှားမိရင် ခွင့်လွှတ်ပါအမေရယ်။ အမေ အထင်သေးတဲ့ ကျွန်တော်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ အမေနဲ့ဝေးတဲ့နေရာသွားတော့မယ်။" ဒီလိုပြောအပြီး၊ အမေ့ကို ထိခြင်းငါးပါးနဲ့ အမေ့ခြေထောက်ကို မျက်နှာ၊ နှုတ်ခမ်း၊ ဆံပင်တွေနဲ့ ထိအပြီး အမေ့ခြေထောက်ပေါ် မျက်နှာအပ်ပြီး ငါ ရှိုက်ကြီးတငင် ငိုတယ်လေ။

ဒီစာလုံးတွေပေါ် ငါ့မျက်ရည်တွေ တစ်ပေါက်ပေါက် ကျနေတယ်။ ငါ့အတွက် မျက်ရည်ဟာ ငါ့အတွက် ဖြေပြေရာပဲလေ။ ငါရှိုက်နေတဲ့ အသံကို ငါပဲကြားအောင် ငါအားထုတ်ပေမယ့် မရပါဘူး။ ၁၀ နှစ်ကျော် ငါ ခေါင်းမာမာ နဲ့ လျှောက်လာတဲ့ ငါ့ရဲ့ ဘ၀ထဲက ငါ့အိပ်မက်တွေဆိုတာ ဘာတွေလဲ။ ငါ့ရဲ့အိပ်မက်တွေက ဘယ်မှာလဲ။ ငါဘာတွေ အောင်မြင်ခဲ့ပြီလဲ။ ငါဘာတွေဖြစ်ထွန်းခဲ့ပြီလဲ။ အမေရယ် ကျွန်တော် လျှောက်လာတဲ့ လမ်းက သာမန် လူငယ်တွေ လျှောက်နေတဲ့ လမ်းဟောင်းကြီးတစ်ခုပါပဲ။ ဘာအောင်မြင်မှုမှ ပြစရာမရှိဘူး။ အမေဖြစ်စေချင်တဲ့ အိမ်ထောင်လေးလဲ ဖြစ်မလာဘူး။ ကျွန်တော်စိတ်ကူးယဉ်ခဲ့တဲ့ ကိုယ်ပိုင်မိသားစုလေးဟာလဲ ဘယ်ဆီမှန်းမသိဘူး။ ဒါပေမယ့် အမေရယ်။ ကျွန်တော် အသက်ရှင်ရဦးမယ်။ ကျွန်တော်ကြိုးစားရဦးမယ်။ ကျွန်တော့်ဘ၀က အခုထိ အစမပြုရသေးပါဘူး အမေရယ်။ အမေ နေကောင်းပါစေ။ မိုးလင်းလင်းခြင်း အမေ့ကို ဖုန်းဆက်မယ်။ အမေ မသေနဲ့ဦး အမေရယ်။ အမေသေရင် ကျွန်တော့်လက်မှာပဲ သေရမယ်။ ကျွန်တော်လဲ မသေချင်သေးဘူး။ အမေ့ကို ကျွန်တော်နဲ့ တူတူ လာနေဖို့ ကျွန်တော် ဒီနေ့ကစပြီးကြိုးစားတော့မယ်။ အမေ နေကောင်းပါစေ အမေရယ်။ အမေမမြင်နိုင်တဲ့ အဝေးကနေ အမေ့ကိုအခုလို မျက်ရည်တွေနဲ့ မတမ်းတချင်တော့ဘူး။ ခလုပ်ထိရင် ဘယ်တော့မှ အမိ မတတတ်မှန်း အမေသိတဲ့ အင်မတန်ခေါင်းမာတဲ့ ကျွန်တော်အခု အမေ့ကို တနေပြီ အမေရယ်။ နောက်ထပ် ဒီလို အိမ်ကိုလွမ်းတဲ့ ခြောက်အိပ်မက်တွေ ထပ်မမက်ချင်တော့ဘူး။ အမေကထိန်ခင်းမယ့် အလှူအတွက် ကျွန်တော် အမေ့ကိုပြောသလို ငွေပို့ပေးမယ်လေ။ အမေ နေကောင်းပါစေ အမေရယ်။ အမေ နေကောင်းပါစေ အမေရယ်။ အမေ နေကောင်းပါစေ အမေရယ်။ နော်..

Saturday, July 14, 2007

၁၃ ရက် သောကြာနေ့

ဘာမှဆက်မလုပ်တတ်တော့ရင် အိပ်စက်ပစ်လိုက်မယ်။

လူတွေတိုင်း စိတ်အတက် အကျ တွေဖြစ်ဖူးကြတယ်။ စိတ်တွေ လေလှိုင်းစီးကြတယ်။ စိတ်တွေ မြေကြီးပေါ်ပစ်လဲကျကြတယ်။ ငါလည်းဖြစ်ဖူးတယ်။ အဲဒီအရာတွေဟာ အခြေအနေတွေကြောင့်ဖြစ်တတ်သလို ကိုယ်ကိုယ်တိုင်ကြောင့်လဲ ဖြစ်တတ်တယ်။ ဒီလို သဘောတရားတွေကို နားလည်လာတဲ့အရွယ်ကစပြီး အဲဒီလို ဘ၀ထဲက အနိမ့်အမြင့်လေးတွေကို တူညီတဲ့ စိတ်ခံစားမှု နဲ့ ဖြတ်သန်းတတ်အောင် လေ့ကျင့်ထားမိတယ်။ ကိုယ်လုပ်သမျှ အရာမထင်ဖြစ်ရင်ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့အကြံအစည်တွေ လွဲမှားပြီး ကိုယ့်ရဲ့ အပြုအမူတွေ ချွတ်ချော်ကုန်ရင် ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အမှားအယွင်းတစ်ခုလို့ ယူဆလာမိရင် ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်မှုကို ရပ်တန့်နိုင်တဲ့နည်းလမ်းက ဘာမှမလုပ်ပဲ အပြစ်ကင်းကင်း နဲ့ အရာရာကို မေ့ပျောက်ပြီး အိပ်နေတတ်တဲ့ အလေ့အကျင့်က အခု အလေ့အကျင့် လို ဖြစ်လာပြီ။

ဘယ်သူတွေက ငါ့ဘ၀ ကို ထိမ်းချုပ်နေကြသလဲ။

ငယ်ကတည်းက ဗုဒ္ဓဘာသာကို ကိုးကွယ်သူမို့ ဖန်ဆင်းရှင်ဆိုတာကို မယုံကြည်ပါဘူး။ ဒါပေမယ့် လူတွေကို ဖြစ်သင့်ဖြစ်ထိုက်တာတွေ ကို အချိန်အခါ နဲ့ ဖြစ်ခွင့်ပေးတဲ့ လောကကို ချုပ်ကိုင်နေတဲ့ တစ်စုံတစ်ယောက်သောသူ ရှိနေတယ်လို့ စိတ်ကဘာလို့ထင်နေလဲမသိဘူး။ အဲဒီအရာသည် တစ်စုံတစ်ယောက်လား။ သဘာဝတရားလား။ အသက် ၃၃ နှစ်ကာလ အထိ ဖြတ်သန်းခဲ့ရတဲ့ ဘ၀တွေဟာ တစ်စုံတစ်ရာက စေစားလို့ ဖြစ်လာသလိုလို၊ ကိုယ့်ရဲ့ရင်တွင်းက ဆန္ဒနောက်ကို လိုက်ရင်း ဖြစ်လာသလိုလို။ တစ်ခုခုတော့ တစ်ခုခုဖြစ်နေသလို စိတ်မှာခံစားရတယ်။

စိတ်အလိုကို မလိုက်ပဲနေကြည့်မိတယ်။

အလုပ်ထွက်ပြီးတော့ ငါ စိတ်ကို လွတ်လပ်ရေးပေးတဲ့အနေနဲ့ အိပ်ရေး၀၀အိပ်တယ်။ သူများတွေ အလုပ်လုပ်နေတဲ့အချိန် အရာရာကို မေ့ပျောက်ပြီး တစ်နေကုန်အိပ်တယ်။ သူများတွေ အိပ်စက်နေတဲ့အချိန် တစ်ညလုံး ငါငုတ်တုတ်။ ကိုယ့်ကိုယ်ကိုယ်တော့ တယ်ဟုတ်နေတာပဲ။ အနာဂတ်ကို စဉ်းစားကြည့်ရင် ဘာမှန်းမသိ။ တစ်ခုတော့ရှိတယ်။ ယောက်ယက်ခတ်နေတဲ့စိတ်တွေ ငြိမ်သွားတယ်။ ဆေးလိပ်ပြတ်သွားတယ်။ ဆေးလိပ်ပြတ်ပုံလေးကဆန်းတယ်။ ဆေးလိပ်ဘူးသွားဝယ်တော့ ကြာဖြူဖောင်ဒေးရှင်း အနေနဲ့ ထောက်ပံ့ထားတဲ့ အသားမည်းမည်းနဲ့ချာတိတ်ကလေးရဲ့ သနားစရာမျက်နှာလေးက စိတ်ထဲမှာပေါ်လာတယ်။ ငါတစ်လကို ဆေးလိပ် ၁၀ ဘူးမသောက်ပဲနေရင် သူတို့လေးတွေ ကို ငါတစ်လစာ ထောက်ပံ့လို့ရတယ်လို့ တွေးမိတယ်။ စိတ်ကို ချုပ်တီးပြီး ဆေးလိပ်မ၀ယ်တော့ပဲ ပြန်လာတယ်။ ပထမနေ့ကအလူးအလဲပဲ။ ငါကော်ဖီတွေ လှိမ့်ပိတ်သောက်တယ်။ ဒါနဲ့ တစ်ပတ်နေလို့ရသွားတယ်။ နောက်တစ်ပတ် အိုကေသွားတယ်။ ဒီကို ရောက်ပြီး ၂ ပတ် ဆေးလိပ်မသောက်ပဲနေလို့ရသွားတဲ့ စံချိန်ပဲလေ။ ဆေးလိပ်မသောက်ဖြစ်တဲ့ ပိုက်ဆံကို ကြာဖြူထဲကို ငါထည့်လိုက်မယ်လေ။

အိမ်ကိုစွန့်ခွာလာတဲ့ ၁၀ နှစ်ပြည့် နေ့လေးတစ်နေ့။

အချိန်တွေကုန်လာတယ်။ ငါ့အနာဂတ်ကို စဉ်းစားသင့်မှန်းသိပေမယ့် အလုပ်ပြန်လျှောက်ဖို့ စီဗီ ရေးရမှာကို တော်တော်ဝန်လေးနေတယ်။ သူငယ်ချင်းတွေအိမ်သွားတယ်။ အရက်သောက်ဖြစ်တယ်။ အရက်မူးတော့ သူတို့ဆီကဆေးလိပ်တွေယူသောက်ဖြစ်တယ်။ စိတ်ညစ်လို့အရက်သောက်ဖြစ်တာတော့မဟုတ်ပါဘူး။ အဖွဲ့အစည်းအတူတူ လုပ်နေတဲ့ သူငယ်ချင်းတွေ တူတူခင်ခင်မင်မင် တွေ့ဆုံတဲ့အထိမ်းအမှတ်ပါပဲ။ နောက်ရက်တော့ ဆေးလိပ် ထပ်မသောက်ဖြစ်ပါဘူး။ သွေးကလည်း အတင်းအကြပ်ကြီးတော့မတောင်းတော့ဘူး။ ငါ့ကို ညီလေးတစ်ယောက်လို ချစ်တဲ့ အစ်ကိုတစ်ယောက်ဆီက အလုပ် offer လာတယ်။ သူတောင်းတဲ့ စီဗီကို မပေးဖြစ်ဘူး။ ငါကိုယ့်ကိုယ် ငါ ဘာမှန်းမသိဘူး။ ဘာတွေဖြစ်နေပါလိမ့်။ မလေးရှားကနေ conference လာတက်ရင်း စင်္ကာပူကိုလာလည်တဲ့ သူငယ်ချင်း မိသားစု နဲ့ လျှောက်လည်နေမိတယ်။ စီဗီရေးပြီးပြီလားလို့ မေးတဲ့ သူငယ်ချင်းတိုင်းကို Wink လေးတွေပဲ လုပ်ပြမိတယ်။ ဂျူလိုင် ၇ ရက်နေ့ကလွှင့်တဲ့ Live Earth အစီအစဉ်တွေကို နေ့မအိပ်ညမအိပ်ကြည့်နေမိတယ်။ အဲဒါနဲ့ ၁၀ ရက်နေ့ကို ရောက်လာတယ်။ အရင် အလုပ်က မန်နေဂျာတစ်ယောက်က သူ့သူငယ်ချင်းတစ်ယောက်ဆီကို စီဗီ ပို့ပေးဖို့ အတင်းတောင်းလာတယ်။ နောက်ရက်မနက်ပို့ပေးပါဆိုပြီး လုပ်တယ်။ ဒါနဲ့ ၁၁ ရက်နေ့မနက်ကို အစောကြီးထပြီး စီဗီ ရေးတယ်။ ရှစ်နာရီမှာ ရေးလို့ပြီးသွားတယ်။ သူ့ဆီပို့ပြီး ပြန်အိပ်ပစ်လိုက်တယ်။ ၁၀ နာရီလောက် ပြန်နိုးလာတော့ အလုပ်ရှာတဲ့ ဆိုက်တွေထဲဝင်ပြီး တွေ့ရာမြင်ရာစိတ်ဝင်စားရာ အလုပ် တွေကို လျှောက်ကြည့်တယ်။ ၁၂ နာရီလောက်မှာ အလုပ်တစ်ခု ကိုတင်လိုက်တယ်။ ၃ နာရီလောက် အဲဒီအလုပ်က ဖုန်းဆက်တယ်။ ငါးနာရီလောက် အင်တာဗျူးသွားပြီး ငါးနာရီခွဲလောက် မှာအိုကေသွားတယ်။ တူတူတန်တန် လစာနဲ့ ကိုယ်နဲ့ ကိုက်ညီတဲ့အလုပ်တစ်ခုကို လွယ်လွယ်ကူကူပဲ ရလိုက်တယ်။ အိမ်ပြန်လာတော့ စိတ်ထဲမှာပေါ့သွားတယ်။ ဒီအလုပ်မရရင် လူတွေပေးတဲ့ pressure တွေ တော်တော်များများကို ငါရင်ဆိုင်ချင်မှာ မဟုတ်ဘူးလို့။ အခုတော့လဲ ပျော်တာမဟုတ်ပေမယ့် ဒီလို ဖြစ်ခွင့်ကြုံပေးတဲ့ ကံတရားနဲ့ အခြေအနေလေးကို ငါကျေနပ်မိတယ်။ ငါလူတစ်ဘက်သားကို ကိုယ်ချင်းစာနာစိတ်နဲ့ ကူညီလိုစိတ် အမြဲထားတတ်တဲ့ ရောင်ပြန်တစ်ခုလို့ပဲ မှတ်ယူပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ငါပြန်လာတဲ့အချိန်လောက်မှာ မင်းသားဒွေး တစ်ယောက် ဗမာပြည်မှာသေသွားတယ်တဲ့။ ၁၂ ရက်နေ့မှာ အရင်အလုပ်က အစ်မက နဲ့တူတူ MOM မှာ Stay ကို Cancel လုပ်ဖို့သွားတော့ သူ ဆူဖို့ ပါးစပ်မဟခင် အစ်မ ကျွန်တော်အလုပ်ရပြီလို့ပြောတော့ လူကို ပါးစပ်အဟောင်းသားနဲ့မျက်လုံးပြူးပြီးကြည့်နေလေရဲ့။ အစ်မအရင်း က သောက်သုံးမကျသဘောက် ဒီအစ်မက သွေးမတော်သားမစပ် ငါ့ကို မောင်တစ်ယောက်လို တွယ်တာတဲ့ သံယောဇဉ်ကလဲ ခပ်ဆန်းဆန်းပဲ။ S Pass ကို Cancel လုပ်ပြီးတော့ ဗမာသံရုံးကိုသွားပြီး အခွန်ဆောင်လိုက်တယ်။ Passport သက်တမ်းတိုးလိုက်တယ်။ ဂျူလိုင် ၁၂ ရက်နေ့ဟာ ၁၉၉၇ တုန်းက အိမ်ကထွက်လာတဲ့ ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့လေးလေ။

တိုက်ဆိုင်တဲ့ နောက်ထပ် ၁၃ ရက် သောကြာ

ဒီနေ့ အလုပ်သစ်စ၀င်တယ်။ အရင်အလုပ်ကထွက်တဲ့ တစ်လပြည့်။ ဒီလောကထဲကို ခြေချဖြစ်တဲ့ ၁၀ နှစ်ပြည့်နေ့။ ကံကောင်းပါစေ လို့ပဲ ကိုယ့်ကိုယ်ကိုယ် ဆုတောင်းတယ်။ အဲဒီမှာ ငါနဲ့ ရင်းနှီးဖူးတဲ့ မျက်နှာလေးတွေပြန်တွေ့တယ်။ ဖော်ဖော်ရွေရွေပါပဲ။ ငါ အပြောင်းအလဲတွေ လုပ်ဖြစ်မယ်ထင်တယ်။ အနေအထိုင်နဲ့ အတွေးအခေါ်တွေ။ ငါ့ရဲ့မကောင်းတဲ့ သောက်ကျင့်တွေ။ ပြောင်းလဲရဦးမယ်။

Friday, June 15, 2007

၁၃ ဂဏန်းတွေနဲ့ မွေ့လျော်တဲ့ ဘ၀ တစ်ခု


တိုက်တိုက်ဆိုင်ဆိုင် ဇွန်လ ၁၃ ရက် နေ့မှာ တစ်နှစ်နီးပါး စိတ်ထဲမှာ မွန်းကြပ်လှောင်ပိတ်နေမှုဘ၀ တစ်ခုထဲကနေ ရုန်းထွက်ဖို့ အခွင့်တစ်ခုရတယ်။ တစ်နှစ်ကျော် ဆက်ဆံလုပ်ကိုင်ခဲ့တဲ့ နေရာတစ်ခုကို ဒီနေ့မှာပဲ နှုတ်ဆက်လိုက်တယ်။ အပြင်လူအနေနဲ့ မျောက်သစ်ကိုင်းလွတ်သွားတဲ့ဘ၀ တစ်ခုလို့ ပြောချင်ပြောကြမယ်။ ငါ့ရင်ထဲမှာ တော်တော်ပျော်နေတယ်။ ရင်ထဲမှာ ပေါ့ပါးသွားတဲ့ လွတ်လပ်မှုနဲ့ ပျော်ရွှင်မှုက တစ်ဘက်၊ နောက်ခြေလှမ်းတစ်လှမ်းကို ဆက်ဖို့ အဆင်ပြေပါ့မလားဆိုတဲ့ တထင့်ထင့် စိတ်ကလေးက တစ်ဘက်။
ငါ့အတွက် ဘ၀ ဆိုတာဒါပါပဲ။ ငါယုံကြည်ရာ ဘ၀၊ ငါပျော်ရွှင်ရာဘ၀ တစ်ခုအတွက် ဘာမဆို ငါ စွန့်ခွာနိုင်ခဲ့တာပဲ။ မမြင်မကန်းဘ၀တွေထဲကို တစ်ဖန်ပြန်ဝင်ပြီး ငါစွန့်စားရဲရဦးမှာပေါ့။ အမေ့ကိုတော့ သတိရတယ်။ အမေကတော့ ငါ့စိတ်ကို အရင်လိုပဲ ကောက်ချက်ပြုဦးမှာပါ။ အမေရယ် ဘ၀မှာ စွန့်စားခြင်းဆိုတာ မရှိရင်၊ အနိမ့်အမြင့် တွေကြားမှာ ကစားပြီး မနေရရင် ကျွန်တော် မနေပျော်ဘူးအမေရယ်။ ကျွန်တော့်ရဲ့ ဒီမှာ နောက်ဆုံးနေခွင့်ရှိမယ့်နေ့က ကျွန်တော် အိမ်ကို စွန့်ခွာလာတဲ့ ၁၀ နှစ်ပြည့် နေ့ပဲ အမေရေ။ အဲဒီနေ့မှာ အမေ့ခြေဖမိုးပေါ် ကျွန်တော် နဖူးတိုက် ရှိခိုးတော့ ကျွန်တော် ရှိုက်ကြီးတငင်ငိုခဲ့တာကို သတိရတယ်။ ဒီတစ်ခါကတော့ ကျွန်တော်မငိုတတ်တော့ဘူး အမေ။ တကယ်လို့ အဲဒီနေ့မှာ ဒီနိုင်ငံကို ကျွန်တော် စွန့်ခွာခဲ့ရင်တောင် ကျွန်တော့်ရဲ့ ငယ်ကျင့်အတိုင်း ကိုယ်လုပ်ခဲ့တဲ့ အလုပ်အတွက် နောင်တရမိဦးမှာမဟုတ်ဘူး။ ဒီနေ့လေးကို တိုက်ဆိုင်လွန်းတဲ့ ၁၃ ဂဏန်းနဲ့ ကျွန်တော့် ဘ၀ရဲ့နေ့အဖြစ် ကျွန်တော် ဒိုင်ရာရီထဲမှာ ရေးလိုက်တယ်။ ကျွန်တော်ကို ဒီတစ်ခါလည်း နားလည်လိုက်ပါဦး အမေရယ်။

Saturday, May 26, 2007

အိမ်


လူတစ်ယောက်အတွက် အိမ်ဆိုတာ သူ့ဘ၀ ရှိတဲ့ နေရာလား? သူ့အမေ ရှိတဲ့ နေရာလား?

ငယ်ငယ်ကတည်းက မိဘ နဲ့ ဝေးကွာတဲ့ အရပ်မှာ ကြီးပြင်းခဲ့သူမို့ အိမ် ဆိုတာဟာ လွမ်းစရာ တစ်ခုပါ။
ကျောင်းနေစဉ် ကျောင်းသားဘ၀ မှာတော့ ရန်ကုန်မှာ ကျောင်းပိတ်ရင် တောင်ပေါ်မြို့လေးက အိမ်ကို နွေရာသီရောက်တိုင်း အပျော်တွေ နဲ့ ပွေ့ဖက်လို့ အမေရှိရာ အိမ်ကို ပြန်ဖြစ်တယ်။ အမေ နဲ့ အိမ်ကို ခွာလာပြီးတော့ အမေကိုလွမ်းတဲ့ စိတ်လား၊ အိမ်ကိုလွမ်းတဲ့စိတ်လား၊ အမေ နဲ့ အိမ်ကို လွမ်းတဲ့ စိတ်လား တော့ မသိဘူး။ အိမ် ကို လွမ်းနေတတ်တယ်။ ကိုယ့်ဘ၀ အတွက် ကိုယ်ပိုင် အိမ်လေးတစ်လုံးကို မပိုင်ဆိုင်သေးတာရယ်၊ ကိုယ်ပိုင်အိမ်လေးထဲ မှာ ကိုယ့်ချစ်သူ နဲ့ တူတူ နေခွင့်မရှိသေးတာရယ်ကြောင့် အခုအချိန်မှာ ကိုယ့်အတွက် အိမ် ဆိုတာ အမေ ရှိတဲ့ အိမ် လို့ပဲ သတ်မှတ်လို့ ရသေးတယ်လေ။

ဒါပေမယ့် ငယ်ငယ်က အမေ ကို ချစ်ပေမယ့် တက္ကသိုလ်တက်တဲ့ အရွယ်မှာ အမေနဲ့ သဘောထား မတိုက်ဆိုင်တာတွေ များလွန်းလို့ ထူးအိမ်သင် ရဲ့ အမေ့အိမ် ထက် ဇော်ဝင်းထွဋ် ရဲ့ အိမ် ကို ပိုပြီးနှစ်သက်တတ်ခဲ့တယ်။ ဒီသီချင်းလေးကို ဆိုဖြစ်ခဲ့တယ်။ သီချင်းလေးထဲကလို အိမ်အပြန် ဆီးကြိုတတ်မဲ့ ချစ်သူကို နှစ်ပေါင်းများစွာ မျှော်လင့်ရှာဖွေနေခဲ့မိတယ်။

သြော် အိမ်ကလေး တစ်လုံးပါကွယ်..