Monday, October 15, 2007

အိမ်အလွမ်းလိပ်ပြာ

ငါအလုပ်ကပြန်လာတယ်တဲ့။ ငါ Orchard လမ်းပေါ်မှာလမ်းလျှောက်နေတယ်တဲ့။ ငါလေ ငါနေတဲ့ နေရာကို လမ်းလျှောက်ပြန်မလို့ ကြံစည်နေတယ်တဲ့။ အဲဒါ လမ်းက တည့်တည့်လျှောက်ရမလား နောက်ပြန်လျှောက်ရမလား ငါမသဲကွဲဘူးတဲ့။ ငါ့ဖုန်းလေးထဲကနေ လမ်းကိုကြည့်ဖို့သတိရလိုက်ပေမယ့် ငါမကြည့်ဖြစ်ပဲ ငါ ဦးတည့်ရာ တည့်တည့်ကိုပဲ ဆက်လျှောက်လာတယ်တဲ့။ ငါဟာ မှောင်ရီရိုးဖျမှာ အိမ်ပြန်နေတဲ့သူတွေနဲ့ ငါတူတူ တောလမ်းလေးအတိုင်း လမ်းလျှောက်လာနေတယ်။ တစ်လမ်းလုံး လျှပ်စစ်မီးရောင် မရှိလို့ ငါ ရှေ့ကသွားနေသူတွေ၊ နောက်ကလျှောက်လာသူတွေကို ငါတစ်မြို့လုံးမီးပျက်နေပါလား လို့ မေးမလို့ကြံစည်ပေမယ့် စိတ်ထဲကပဲ မေးမိတယ်။ တောင်ဆင်းလမ်းမတ်စောက်စောက် တစ်ခုကို ငါဆင်းတော့မှ ငါလျှောက်လာတဲ့ တောလမ်းလေးဟာ ငါငယ်ငယ်က လျှောက်သွားနေကျ စစ်တပ်ကိုသွားတဲ့ ရွှေမြင်ဝေးကျောင်းလမ်းဖြစ်နေတယ်။ ငါ ငယ်ငယ်ကအတိုင်းပဲ။ အရှေ့တည့်တည့်မှာ ပင့်ကူတောင်ကို မှိုင်းပြပြ မြင်ရတယ်။ လော်စပီကာအကျယ်ကြီးဖွင့်တတ်တဲ့ ပင့်ကူတောင်ဘုရားက မီးလေးပဲလင်းနေတယ်တဲ့။ ငါ အဲဒီ မတ်စောက်စောက် တောင်ဆင်းလမ်းကို ငယ်ငယ်တုန်းကအတိုင်း ပြေးဆင်းသွားတယ်တဲ့။ အောက်ရောက်တော့ အပေါ်ပြန် မော့ကြည့်တော့ ထုံးဖြူဖြူလေးသုတ်ထားတဲ့ ကျောက်စွန်းကို ငါမြင်ရတယ်။ ဘုရားရေ.. အဲဒီမြင်ကွင်းဟာ ငါငယ်ငယ်က အဖေ့သင်္ချိုင်းအုတ်ဂူကိုသွားလည်ပြီး သင်္ချိုင်းကုန်းကနေ တောင်ဆိတ်တွေတက်တဲ့လမ်းအတိုင်း ပင့်ကူတောင်ပေါ်ကိုငါတက်ဖူးတဲ့လမ်းမှာ ပင့်ကူတောင်ဘုရားကို ငါမြင်ရတဲ့မြင်ကွင်းကြီးပဲ။ ငါအရမ်းခြောက်ခြားသွားတယ်။ ငါသေသွားပြီလားလို့ ငါ့ကိုယ်ငါမေးမိတယ်။ ဟုတ်တယ် ငါရောက်နေတဲ့ လမ်းကိုကြည့်လိုက်တော့ ငါအိမ်နားကိုရောက်နေပြီ။ မီးစက်ကုန်းလေးနားမှာ။ ငါအိမ်ကို အတင်းပြေးပြန်သွားတယ်။ ငါ့အိမ်ကို ငါအတင်းပြေးပြန်သွားတယ်။ ငါနေခဲ့တဲ့ ငါ့အခန်းလေးက ဖယောင်းတိုင်မီးလေးလင်းနေတယ်။ အမေ နဲ့ သျှမ်လျှမ်းလေး စကားပြောနေသံကိုကြားတယ်။ ငါ သံတံခါးနှစ်ဘက်ကို လက်နဲ့အတင်းဆုပ်ကိုင်ပြီး "အမေ အမေ" ကျွန်တော်ပြန်လာပြီလို့ အော်ခေါ်နေတယ်။ ငါ ငယ်ငယ်တုန်းက ည ရှစ်နာရီခွဲလို့ တရုတ်စာသင်ကျောင်းက ပြန်လာရင် အမေ့ကို အော်ခေါ်နေကျအတိုင်း အောက်ကအော်နေတယ်။ အမေက ငါ့အသံကြားလို့ အောက်ကို ဆင်းလာတယ်။ လှေကားအပေါ်ကနေ အမေငါ့အသံကြားသလိုလို ခြောက်ခြားနေတဲ့မျက်နှာနဲ့ "မျိုးသော်လား" ဆိုပြီး အမေ့ရဲ့ ယုံရခက်ခက် မျက်နှာကို ဖယောင်းတိုင် မီးအပေါ်ကနေမြင်ရတယ်။ ငါ အမေ အမေ လို အသံကုန်အော်နေတယ်။ ဒါပေမယ့် အသံထွက်မလာဘူး။ ငါဆက်တိုက်အော်တယ်။ အမေ ချက်ခြင်း ဆင်းလာပြီး သံတံခါးသော့ကို ပြေးလာဖွင့်တယ်။ ငါ့ကို အမေ မမြင်ရဘူး။ ငါအမေ့ကို မြင်နေရတယ်။ ဘုရားရေ ငါသေပြီလား။ ငါ အမေ အမေ လို့ ဆက်တိုက်အော်တယ်။ အမေ ငါ့အသံကို ကြားပေမယ့် ငါကိုသူမမြင်ဘူး။ ငါ့အသံကို သူကြားလိုက်လို့ ဇဝေဇ၀ါ နဲ့ ပြေးလာတံခါးဖွင့်တာ။ ငါအမေ့ကို အခါခါ အော်ခေါ်နေတယ်။ အမေ အမေ အမေ နဲ့။ ငါအမေ့ကို ပြေးဖက်လိုက်တယ်။ ငါ့ရင်ထဲမှာ အတင်းပွေ့ဖက်ထားလိုက်တယ်။ ငါ အမေ့ကို စကားတွေ အများကြီးပြောနေတယ်။ အမေ့ပါးလေးကို ငါ့ပါးလေးနဲ့ အပ်ထားတယ်။ ငါအခုမှ သတိရတယ်။ ငါ့ရဲ့ တစ်သက်နဲ့ တစ်ကိုယ်မှာ ငါ အမေ့ကို ဒီလို တစ်ခါမှ မပွေ့ဖက်ခဲ့ဖူးဘူး။ ငါအမေ့ပါးလေးကို ငါ့ပါးလေးနဲ့ ပါးခြင်းမအပ်ခဲ့ဖူးဘူး။ ငါအရမ်းမွန်းကြပ်လာတယ်။ ငါငိုနေတာ။ ငါငိုနေတာ။ ပက်ပက်စက်စက်ငိုနေတာ။

ငါအိပ်မက်ကလန့်နိုးလာတယ်။ ငါမငိုနေဘူး။ ငါ့ရင်ထဲမှာတင်းကြပ်လို့လဲ မနေဘူး။ ငါခုနက မက်လိုက်တဲ့ အိပ်မက်ကို ပြက်ပြက်ထင်ထင်ကြီး မှတ်မိနေတယ်။ ငါအမေ့ကို ဖုန်းမဆက်တာ ကြာပြီပဲ။ ငါလုံးဝ အိပ်ရာကနိုးလာတယ်။ နာရီက မနက် ငါးနာရီ လေးဆယ့်ငါး။ ငါ သုံးနာရီမှ အိပ်ပေမယ့် လုံးဝလန်းဆန်းနေတယ်။ ငါဖုန်းဆက်ချင်တယ်။ အမေ့ဖုန်းလဲ ပိတ်ထားတယ်။ ကိုချွတ်တားဖုန်းရော မမြတ်နွယ်ဖုန်းရော အမေ့နားကို ဒီအချိန်မရောက်နိုင်ဘူး။ ငါအရူးတစ်ယောက်လို အိပ်ရာထဲမှာ ထထိုင်နေတယ်။ ငါ အိမ်ကို ဒီလောက်လွမ်းနေပြီလား။ ငါ ပင့်ကူတောင်ကြီးကို မျက်စိမှာ မြင်နေရတယ်။ ဘုရားတော်ပေါ်တက်လို့ ပြန်ဆင်းရင် ဘယ်တော့မှ စောင်းတန်းလှေကားက မဆင်းပဲ မြို့ကိုအပေါ်စီးက မြင်ရတဲ့ စောင်းတန်းခေါင်မိုးပေါ်တက်ပြီး စောင်းတန်းရှည် ခေါင်မိုးကွန်ကရစ်ပြားတွေ တစ်လျှောက် ပြေးဆင်းတဲ့ငါ။ ပင့်ကူတောင်စွန်းကနေ အဖေ့ကို ငါမြုပ်ထားတဲ့ အုတ်ဂူလေး ကို ထိုင်ငေးရင် ငါသေရင်လဲ အဖေ့နားမှာပဲ သေမယ်လို့ စိတ်ကူးခဲ့တဲ့ငါ။ ငါ ရူးနေပြီ။ ငါအမေ့ကိုလွမ်းနေတယ်။ အမေကို စိတ်ထဲမှာ စကားတွေ ပြောနေတယ်။ အမေ နေကောင်းရဲ့လား။ အမေ နေမကောင်းဖြစ်နေလို့ငါ ဒီလိုအိပ်မက်တွေ မက်သလား။ ငါ အမေ့ကိုဖုန်းဆက်လိုက်ရင် အမေ ဖုန်းထဲကနေငိုဦးမှာလား။ ငါ့စိတ်တွေ တင်းကြပ်နေတယ်။ ငါအခုဒီစာတွေရေးနေတယ်။ ငါမျက်ရည်တွေကျလာခဲ့ပြီ။ ငါ ၁၉၉၇ ဇူလိုင် ၁၂ ရက်နေ့တုန်းကလို မျက်ရည်တွေကျလာပြီ။ ငါရှိုက်ပြီးငိုနေတယ်။ အမေ့ကို စိတ်ဆိုးပြီးအိမ်ကထွက်တဲ့ငါ။ အမေက ငါ့ကိုမတားဘူး။ ကားစီးခါနီး ကားမူးတတ်တဲ့ ငါ့ကို ကားမစီးခင် တစ်ခုခု စားဖို့ မနက်အစောကြီးထပြီး ငါ့အတွက်စားစရာတွေလုပ်နေတယ်။ ငါသူ့ကို စကားမပြောပေမယ့် သူငါ့ကို နားလည်ခွင့်လွှတ်နေတယ်။ ငါစိတ်ထဲမှာ အမေ့ကို ခရီးသွားခါနီး အရင်လို ရှိခိုးကန်တော့ ဖို့ ချီတုံချတုံ ဖြစ်နေတယ်။ နောက်ဆုံးငါတွေးမိတယ်။ ငါသာ တစ်ကယ်လို့ ငါရည်ရွယ်တဲ့ ခရီးကို သွားမိရင် နောက်တစ်ခါ အမေ့ကို ကန်တော့ချင်ပါတယ် ဆိုတောင် မကန်တော့ရဘူးလို့ တွေးမိတဲ့အခါ အမေ့ခြေထောက်ပေါ်ကို မျက်နှာချပြီးတော့ "အမေ အမေ ကျွန်တော့်ကို နာကျင်စေတဲ့ စကားတွေ အများကြီးပြောခဲ့တယ်။ ကျွန်တော် အမေ့ကို မကန်တော့ဖို့ကြံစည်ပေမယ့် ကျွန်တော်မနေနိုင်ဘူးအမေ။ အမေ့ကို ကာယကံ၊ ၀စီကံ၊ မနောကံ နဲ့ ပြစ်မှားမိရင် ခွင့်လွှတ်ပါအမေရယ်။ အမေ အထင်သေးတဲ့ ကျွန်တော်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ အမေနဲ့ဝေးတဲ့နေရာသွားတော့မယ်။" ဒီလိုပြောအပြီး၊ အမေ့ကို ထိခြင်းငါးပါးနဲ့ အမေ့ခြေထောက်ကို မျက်နှာ၊ နှုတ်ခမ်း၊ ဆံပင်တွေနဲ့ ထိအပြီး အမေ့ခြေထောက်ပေါ် မျက်နှာအပ်ပြီး ငါ ရှိုက်ကြီးတငင် ငိုတယ်လေ။

ဒီစာလုံးတွေပေါ် ငါ့မျက်ရည်တွေ တစ်ပေါက်ပေါက် ကျနေတယ်။ ငါ့အတွက် မျက်ရည်ဟာ ငါ့အတွက် ဖြေပြေရာပဲလေ။ ငါရှိုက်နေတဲ့ အသံကို ငါပဲကြားအောင် ငါအားထုတ်ပေမယ့် မရပါဘူး။ ၁၀ နှစ်ကျော် ငါ ခေါင်းမာမာ နဲ့ လျှောက်လာတဲ့ ငါ့ရဲ့ ဘ၀ထဲက ငါ့အိပ်မက်တွေဆိုတာ ဘာတွေလဲ။ ငါ့ရဲ့အိပ်မက်တွေက ဘယ်မှာလဲ။ ငါဘာတွေ အောင်မြင်ခဲ့ပြီလဲ။ ငါဘာတွေဖြစ်ထွန်းခဲ့ပြီလဲ။ အမေရယ် ကျွန်တော် လျှောက်လာတဲ့ လမ်းက သာမန် လူငယ်တွေ လျှောက်နေတဲ့ လမ်းဟောင်းကြီးတစ်ခုပါပဲ။ ဘာအောင်မြင်မှုမှ ပြစရာမရှိဘူး။ အမေဖြစ်စေချင်တဲ့ အိမ်ထောင်လေးလဲ ဖြစ်မလာဘူး။ ကျွန်တော်စိတ်ကူးယဉ်ခဲ့တဲ့ ကိုယ်ပိုင်မိသားစုလေးဟာလဲ ဘယ်ဆီမှန်းမသိဘူး။ ဒါပေမယ့် အမေရယ်။ ကျွန်တော် အသက်ရှင်ရဦးမယ်။ ကျွန်တော်ကြိုးစားရဦးမယ်။ ကျွန်တော့်ဘ၀က အခုထိ အစမပြုရသေးပါဘူး အမေရယ်။ အမေ နေကောင်းပါစေ။ မိုးလင်းလင်းခြင်း အမေ့ကို ဖုန်းဆက်မယ်။ အမေ မသေနဲ့ဦး အမေရယ်။ အမေသေရင် ကျွန်တော့်လက်မှာပဲ သေရမယ်။ ကျွန်တော်လဲ မသေချင်သေးဘူး။ အမေ့ကို ကျွန်တော်နဲ့ တူတူ လာနေဖို့ ကျွန်တော် ဒီနေ့ကစပြီးကြိုးစားတော့မယ်။ အမေ နေကောင်းပါစေ အမေရယ်။ အမေမမြင်နိုင်တဲ့ အဝေးကနေ အမေ့ကိုအခုလို မျက်ရည်တွေနဲ့ မတမ်းတချင်တော့ဘူး။ ခလုပ်ထိရင် ဘယ်တော့မှ အမိ မတတတ်မှန်း အမေသိတဲ့ အင်မတန်ခေါင်းမာတဲ့ ကျွန်တော်အခု အမေ့ကို တနေပြီ အမေရယ်။ နောက်ထပ် ဒီလို အိမ်ကိုလွမ်းတဲ့ ခြောက်အိပ်မက်တွေ ထပ်မမက်ချင်တော့ဘူး။ အမေကထိန်ခင်းမယ့် အလှူအတွက် ကျွန်တော် အမေ့ကိုပြောသလို ငွေပို့ပေးမယ်လေ။ အမေ နေကောင်းပါစေ အမေရယ်။ အမေ နေကောင်းပါစေ အမေရယ်။ အမေ နေကောင်းပါစေ အမေရယ်။ နော်..

No comments: