ဘာမှဆက်မလုပ်တတ်တော့ရင် အိပ်စက်ပစ်လိုက်မယ်။
လူတွေတိုင်း စိတ်အတက် အကျ တွေဖြစ်ဖူးကြတယ်။ စိတ်တွေ လေလှိုင်းစီးကြတယ်။ စိတ်တွေ မြေကြီးပေါ်ပစ်လဲကျကြတယ်။ ငါလည်းဖြစ်ဖူးတယ်။ အဲဒီအရာတွေဟာ အခြေအနေတွေကြောင့်ဖြစ်တတ်သလို ကိုယ်ကိုယ်တိုင်ကြောင့်လဲ ဖြစ်တတ်တယ်။ ဒီလို သဘောတရားတွေကို နားလည်လာတဲ့အရွယ်ကစပြီး အဲဒီလို ဘ၀ထဲက အနိမ့်အမြင့်လေးတွေကို တူညီတဲ့ စိတ်ခံစားမှု နဲ့ ဖြတ်သန်းတတ်အောင် လေ့ကျင့်ထားမိတယ်။ ကိုယ်လုပ်သမျှ အရာမထင်ဖြစ်ရင်ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့အကြံအစည်တွေ လွဲမှားပြီး ကိုယ့်ရဲ့ အပြုအမူတွေ ချွတ်ချော်ကုန်ရင် ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အမှားအယွင်းတစ်ခုလို့ ယူဆလာမိရင် ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်မှုကို ရပ်တန့်နိုင်တဲ့နည်းလမ်းက ဘာမှမလုပ်ပဲ အပြစ်ကင်းကင်း နဲ့ အရာရာကို မေ့ပျောက်ပြီး အိပ်နေတတ်တဲ့ အလေ့အကျင့်က အခု အလေ့အကျင့် လို ဖြစ်လာပြီ။
ဘယ်သူတွေက ငါ့ဘ၀ ကို ထိမ်းချုပ်နေကြသလဲ။
ငယ်ကတည်းက ဗုဒ္ဓဘာသာကို ကိုးကွယ်သူမို့ ဖန်ဆင်းရှင်ဆိုတာကို မယုံကြည်ပါဘူး။ ဒါပေမယ့် လူတွေကို ဖြစ်သင့်ဖြစ်ထိုက်တာတွေ ကို အချိန်အခါ နဲ့ ဖြစ်ခွင့်ပေးတဲ့ လောကကို ချုပ်ကိုင်နေတဲ့ တစ်စုံတစ်ယောက်သောသူ ရှိနေတယ်လို့ စိတ်ကဘာလို့ထင်နေလဲမသိဘူး။ အဲဒီအရာသည် တစ်စုံတစ်ယောက်လား။ သဘာဝတရားလား။ အသက် ၃၃ နှစ်ကာလ အထိ ဖြတ်သန်းခဲ့ရတဲ့ ဘ၀တွေဟာ တစ်စုံတစ်ရာက စေစားလို့ ဖြစ်လာသလိုလို၊ ကိုယ့်ရဲ့ရင်တွင်းက ဆန္ဒနောက်ကို လိုက်ရင်း ဖြစ်လာသလိုလို။ တစ်ခုခုတော့ တစ်ခုခုဖြစ်နေသလို စိတ်မှာခံစားရတယ်။
စိတ်အလိုကို မလိုက်ပဲနေကြည့်မိတယ်။
အလုပ်ထွက်ပြီးတော့ ငါ စိတ်ကို လွတ်လပ်ရေးပေးတဲ့အနေနဲ့ အိပ်ရေး၀၀အိပ်တယ်။ သူများတွေ အလုပ်လုပ်နေတဲ့အချိန် အရာရာကို မေ့ပျောက်ပြီး တစ်နေကုန်အိပ်တယ်။ သူများတွေ အိပ်စက်နေတဲ့အချိန် တစ်ညလုံး ငါငုတ်တုတ်။ ကိုယ့်ကိုယ်ကိုယ်တော့ တယ်ဟုတ်နေတာပဲ။ အနာဂတ်ကို စဉ်းစားကြည့်ရင် ဘာမှန်းမသိ။ တစ်ခုတော့ရှိတယ်။ ယောက်ယက်ခတ်နေတဲ့စိတ်တွေ ငြိမ်သွားတယ်။ ဆေးလိပ်ပြတ်သွားတယ်။ ဆေးလိပ်ပြတ်ပုံလေးကဆန်းတယ်။ ဆေးလိပ်ဘူးသွားဝယ်တော့ ကြာဖြူဖောင်ဒေးရှင်း အနေနဲ့ ထောက်ပံ့ထားတဲ့ အသားမည်းမည်းနဲ့ချာတိတ်ကလေးရဲ့ သနားစရာမျက်နှာလေးက စိတ်ထဲမှာပေါ်လာတယ်။ ငါတစ်လကို ဆေးလိပ် ၁၀ ဘူးမသောက်ပဲနေရင် သူတို့လေးတွေ ကို ငါတစ်လစာ ထောက်ပံ့လို့ရတယ်လို့ တွေးမိတယ်။ စိတ်ကို ချုပ်တီးပြီး ဆေးလိပ်မ၀ယ်တော့ပဲ ပြန်လာတယ်။ ပထမနေ့ကအလူးအလဲပဲ။ ငါကော်ဖီတွေ လှိမ့်ပိတ်သောက်တယ်။ ဒါနဲ့ တစ်ပတ်နေလို့ရသွားတယ်။ နောက်တစ်ပတ် အိုကေသွားတယ်။ ဒီကို ရောက်ပြီး ၂ ပတ် ဆေးလိပ်မသောက်ပဲနေလို့ရသွားတဲ့ စံချိန်ပဲလေ။ ဆေးလိပ်မသောက်ဖြစ်တဲ့ ပိုက်ဆံကို ကြာဖြူထဲကို ငါထည့်လိုက်မယ်လေ။
အိမ်ကိုစွန့်ခွာလာတဲ့ ၁၀ နှစ်ပြည့် နေ့လေးတစ်နေ့။
အချိန်တွေကုန်လာတယ်။ ငါ့အနာဂတ်ကို စဉ်းစားသင့်မှန်းသိပေမယ့် အလုပ်ပြန်လျှောက်ဖို့ စီဗီ ရေးရမှာကို တော်တော်ဝန်လေးနေတယ်။ သူငယ်ချင်းတွေအိမ်သွားတယ်။ အရက်သောက်ဖြစ်တယ်။ အရက်မူးတော့ သူတို့ဆီကဆေးလိပ်တွေယူသောက်ဖြစ်တယ်။ စိတ်ညစ်လို့အရက်သောက်ဖြစ်တာတော့မဟုတ်ပါဘူး။ အဖွဲ့အစည်းအတူတူ လုပ်နေတဲ့ သူငယ်ချင်းတွေ တူတူခင်ခင်မင်မင် တွေ့ဆုံတဲ့အထိမ်းအမှတ်ပါပဲ။ နောက်ရက်တော့ ဆေးလိပ် ထပ်မသောက်ဖြစ်ပါဘူး။ သွေးကလည်း အတင်းအကြပ်ကြီးတော့မတောင်းတော့ဘူး။ ငါ့ကို ညီလေးတစ်ယောက်လို ချစ်တဲ့ အစ်ကိုတစ်ယောက်ဆီက အလုပ် offer လာတယ်။ သူတောင်းတဲ့ စီဗီကို မပေးဖြစ်ဘူး။ ငါကိုယ့်ကိုယ် ငါ ဘာမှန်းမသိဘူး။ ဘာတွေဖြစ်နေပါလိမ့်။ မလေးရှားကနေ conference လာတက်ရင်း စင်္ကာပူကိုလာလည်တဲ့ သူငယ်ချင်း မိသားစု နဲ့ လျှောက်လည်နေမိတယ်။ စီဗီရေးပြီးပြီလားလို့ မေးတဲ့ သူငယ်ချင်းတိုင်းကို Wink လေးတွေပဲ လုပ်ပြမိတယ်။ ဂျူလိုင် ၇ ရက်နေ့ကလွှင့်တဲ့ Live Earth အစီအစဉ်တွေကို နေ့မအိပ်ညမအိပ်ကြည့်နေမိတယ်။ အဲဒါနဲ့ ၁၀ ရက်နေ့ကို ရောက်လာတယ်။ အရင် အလုပ်က မန်နေဂျာတစ်ယောက်က သူ့သူငယ်ချင်းတစ်ယောက်ဆီကို စီဗီ ပို့ပေးဖို့ အတင်းတောင်းလာတယ်။ နောက်ရက်မနက်ပို့ပေးပါဆိုပြီး လုပ်တယ်။ ဒါနဲ့ ၁၁ ရက်နေ့မနက်ကို အစောကြီးထပြီး စီဗီ ရေးတယ်။ ရှစ်နာရီမှာ ရေးလို့ပြီးသွားတယ်။ သူ့ဆီပို့ပြီး ပြန်အိပ်ပစ်လိုက်တယ်။ ၁၀ နာရီလောက် ပြန်နိုးလာတော့ အလုပ်ရှာတဲ့ ဆိုက်တွေထဲဝင်ပြီး တွေ့ရာမြင်ရာစိတ်ဝင်စားရာ အလုပ် တွေကို လျှောက်ကြည့်တယ်။ ၁၂ နာရီလောက်မှာ အလုပ်တစ်ခု ကိုတင်လိုက်တယ်။ ၃ နာရီလောက် အဲဒီအလုပ်က ဖုန်းဆက်တယ်။ ငါးနာရီလောက် အင်တာဗျူးသွားပြီး ငါးနာရီခွဲလောက် မှာအိုကေသွားတယ်။ တူတူတန်တန် လစာနဲ့ ကိုယ်နဲ့ ကိုက်ညီတဲ့အလုပ်တစ်ခုကို လွယ်လွယ်ကူကူပဲ ရလိုက်တယ်။ အိမ်ပြန်လာတော့ စိတ်ထဲမှာပေါ့သွားတယ်။ ဒီအလုပ်မရရင် လူတွေပေးတဲ့ pressure တွေ တော်တော်များများကို ငါရင်ဆိုင်ချင်မှာ မဟုတ်ဘူးလို့။ အခုတော့လဲ ပျော်တာမဟုတ်ပေမယ့် ဒီလို ဖြစ်ခွင့်ကြုံပေးတဲ့ ကံတရားနဲ့ အခြေအနေလေးကို ငါကျေနပ်မိတယ်။ ငါလူတစ်ဘက်သားကို ကိုယ်ချင်းစာနာစိတ်နဲ့ ကူညီလိုစိတ် အမြဲထားတတ်တဲ့ ရောင်ပြန်တစ်ခုလို့ပဲ မှတ်ယူပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ငါပြန်လာတဲ့အချိန်လောက်မှာ မင်းသားဒွေး တစ်ယောက် ဗမာပြည်မှာသေသွားတယ်တဲ့။ ၁၂ ရက်နေ့မှာ အရင်အလုပ်က အစ်မက နဲ့တူတူ MOM မှာ Stay ကို Cancel လုပ်ဖို့သွားတော့ သူ ဆူဖို့ ပါးစပ်မဟခင် အစ်မ ကျွန်တော်အလုပ်ရပြီလို့ပြောတော့ လူကို ပါးစပ်အဟောင်းသားနဲ့မျက်လုံးပြူးပြီးကြည့်နေလေရဲ့။ အစ်မအရင်း က သောက်သုံးမကျသဘောက် ဒီအစ်မက သွေးမတော်သားမစပ် ငါ့ကို မောင်တစ်ယောက်လို တွယ်တာတဲ့ သံယောဇဉ်ကလဲ ခပ်ဆန်းဆန်းပဲ။ S Pass ကို Cancel လုပ်ပြီးတော့ ဗမာသံရုံးကိုသွားပြီး အခွန်ဆောင်လိုက်တယ်။ Passport သက်တမ်းတိုးလိုက်တယ်။ ဂျူလိုင် ၁၂ ရက်နေ့ဟာ ၁၉၉၇ တုန်းက အိမ်ကထွက်လာတဲ့ ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့လေးလေ။
တိုက်ဆိုင်တဲ့ နောက်ထပ် ၁၃ ရက် သောကြာ
ဒီနေ့ အလုပ်သစ်စ၀င်တယ်။ အရင်အလုပ်ကထွက်တဲ့ တစ်လပြည့်။ ဒီလောကထဲကို ခြေချဖြစ်တဲ့ ၁၀ နှစ်ပြည့်နေ့။ ကံကောင်းပါစေ လို့ပဲ ကိုယ့်ကိုယ်ကိုယ် ဆုတောင်းတယ်။ အဲဒီမှာ ငါနဲ့ ရင်းနှီးဖူးတဲ့ မျက်နှာလေးတွေပြန်တွေ့တယ်။ ဖော်ဖော်ရွေရွေပါပဲ။ ငါ အပြောင်းအလဲတွေ လုပ်ဖြစ်မယ်ထင်တယ်။ အနေအထိုင်နဲ့ အတွေးအခေါ်တွေ။ ငါ့ရဲ့မကောင်းတဲ့ သောက်ကျင့်တွေ။ ပြောင်းလဲရဦးမယ်။
Saturday, July 14, 2007
Subscribe to:
Posts (Atom)